
အရင် ၃ နှစ် ကလည်း ဒီ နာမည် ပြဿနာ ဧရာဝတီမှာ ရေးခဲ့ဖူးပါတယ်။ အခုလည်း မျက်မှောက်ရေးရာတွေမှာ
မြင်တွေ့ကြားသိ နေရတာတွေကြောင့် ထပ်မံ ရေးသား ဆွေးနွေးလိုက်ပါတယ်။
အားလုံး စဉ်းစား သုံးသပ် ဝေဖန် နိုင်အောင်ပါ။
■ ဘောလုံးပွဲတွေမှာ ကြားရလေ့ရှိတဲ့ ‘မြန်မာ (Myanmar) ဟေ့’ က တိုင်းပြည်တခုလုံးကို ကိုယ်စားပြုပါရဲ့လား
အသက် ၂၀ နှစ်အောက် ဖီဖာကမ္ဘာ့ဖလားဘောလုံးပွဲ (နယူးဇီလန်) နဲ့ ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲ (စင်ကာပူ) အသက် ၂၃ နှစ်အောက် ဘောလုံးပွဲတွေမှာ မြန်မာလူငယ်ဘောလုံးအသင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ထိုက်သင့်တဲ့ ခြေစွမ်းတွေ ပြနိုင်၊ အောင်မြင်မှုတွေရကာ ဘောလုံးဝါသနာကြီးလှတဲ့ မြန်မာပရိသတ်တွေကြားမှာ သည်းခြေကြိုက် ရေပန်းစားခဲ့တယ်။ ဒီလိုဘောလုံးအားကစားကို သဲကြီးမဲကြီးအားပေးမှုနဲ့အတူ Myanmar (မြန်မာ) ဆိုတဲ့ တရားဝင် ပြဋ္ဌာန်းထားတဲ့ နာမည်ဟာလည်း ဒေသတွင်းနဲ့ နိုင်ငံတကာ ရုပ်သံသတင်းမီဒီယာတွေမှာ ကြိမ်ဖန်များစွာ မြင်ခဲ့ရသလို တိုင်းပြည်းနာမည်လည်း လူသိများ၊ နိုင်ငံဂုဏ်လည်း ပိုတက်လာခဲ့ပါတယ်။ ဒါပေမဲ့ မတူကွဲပြားတဲ့ လူမျိုး၊ ဘာသာစုံ ရာစုနှစ်တွေချီ မှီတင်းနေထိုင်လာခဲ့တဲ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့လက်ရှိနာမည်ဟာ ပြည်ထောင်စုအတွင်းက လူမျိုးစုစုံကို ဘယ်လောက် ကိုယ်စားပြုနိုင်ပါသလဲ။ ဒီအပတ် တိုင်းပြည်နဲ့လူမျိုး အမည် ဝေါဟာရ ဇာစ်မြစ်များနဲ့ နောက်ဆက်တွဲ တိုင်းရင်းသား လူမျိုးစုပြဿနာအကြောင်း ဆွေးနွေးချင်ပါတယ်။
■ ‘မြန်မာ (Myanmar) နှင့် ဗမာ (Burma) ဆိုတာ
နိုင်ငံရဲ့အမည်နာမမှာ နိုင်ငံရေးသဘောအရ အဓိက အလေးနက်ထား စဉ်းစားရမယ့်အချက်က တိုင်းပြည်မှာ ဆယ်စုနှစ်များစွာ စွဲကပ်နေတဲ့ ပြည်တွင်းစစ်ပြဿနာနဲ့ သက်ဆိုင်နေပါတယ်။ အကြောင်းက နိုင်ငံကို ခေါ်ဝေါ်ညွှန်းဆိုတဲ့ အင်္ဂလိပ်၊ မြန်မာ မူကွဲနှစ်မျိုးစလုံး၊ မြန်မာ (Myanmar) နဲ့ ဗမာ (Burma) ဟာ နိုင်ငံမှာ ရှေးပဝေသဏီကတည်းက ဓားမဦးချအခြေချနေထိုင်လာခဲ့တဲ့ မြန်မာ မဟုတ်တဲ့ အခြားတိုင်းရင်းသား လူမျိုးစုအားလုံးရဲ့ ဖြစ်တည်တည်ရှိမှု (Idenity ) ကို ဖော်ဆောင်နိုင်မှု အားနည်းနေလို့ဖြစ်ပါတယ်။ သမိုင်းကြောင်းကို အကျယ် တင်ပြပါမယ်။
လွတ်လပ်ရေးခေတ်ဦး ပါလီမန် ဒီမိုကရေစီခေတ်၊ စစ်တပ်ကြီးစိုးတဲ့ တော်လှန်ရေးကောင်စီ၊ မဆလ တပါတီ အာဏာရှင်ခေတ်တွေမှာ ခေါ်ဝေါ်ခဲ့တဲ့ နိုင်ငံနာမည် မြန်မာလို ‘မြန်မာ’၊ အင်္ဂလိပ်လို ‘Burma’ နဲ့ နဝတ၊ နအဖ စစ်အစိုးရခေတ်တလျှောက်နဲ့ လက်ရှိအချိန်ထိ သတ်မှတ်ထားတဲ့ မြန်မာလို ‘မြန်မာ’၊ အင်္ဂလိပ်လို ‘Myanmar’ နှစ်ခုစလုံးဟာ နိုင်ငံမှာရှိတဲ့ မြန်မာလူမျိုး တမျိုးတည်းကိုသာ အဓိက ညွှန်းဆိုနိုင်တဲ့အတွက် ရှေးပဒေသရာဇ် သက်ဦးဆံပိုင် စစ်ဘုရင်ခေတ်တွေလို အင်အားကြီး၊ အရေအတွေက်များသူ ဦးဆောင်ခြယ်လှယ်စတမ်း လူမျိုးကြီးဝါဒ (Chauvinism) ပုံဆောင်၊ တိုင်းပြည်ကို မြန်မာလူမျိုးတစုတည်းကသာ ပိုင်သလို ဖြစ်နေပါတယ်။ ဒီသဘောဟာ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ တကယ့် ပြည်ထောင်စုစနစ် ပီပီပြင်ပြင် တည်ဆောက်လိုရင် အလေးအနက်ထား စဉ်းစားရမယ့် အချက်တခုပါပဲ။
တကယ်တော့ မူကွဲနှစ်ခုစလုံး ရဲ့ နိုင်ငံနာမည် မြန်မာလိုအခါ် ‘မြန်မာ’ ဟာ မြန်မာ မဟုတ်တဲ့ တိုင်းရင်းသား အားလုံးနဲ့ သမိုင်း အစဉ်အဆက် ဘယ်လို့မှ ဆက်နွယ်မှု မရှိခဲ့ဘူး။ ဗြိတိသျှကိုလိုနီမဖြစ်ခင်အထိ လက်ရှိနိုင်ငံနယ်နမိတ်အတွင်း နေထိုင်နေတဲ့ မြန်မာ အပါအဝင် တိုင်းရင်းသားတွေဟာ အပြန်အလှန် ပဒေသရာဇ်ခေတ် အင်ပါယာ ချဲ့ထွင်မှုသဘောအရ အတူယှဉ်တွဲနေထိုင်ရတဲ့ ကာလတွေရှိသော်ငြားလည်း တကယ့်သဘောအနေနဲ့က သီးသန့်ပဒေသရာဇ် မြို့ပြနိုင်ငံလေးများအသွင် ကိုယ့်ထီး၊ ကိုယ့်နန်းနဲ့နေခဲ့ကြတဲ့ အတွက် ‘မြန်မာနိုင်ငံ’ ဆိုတဲ့ အခေါ်ဟာ အခြားတိုင်းရင်းသားအားလုံးနဲ့ ပတ်သက်စရာအကြောင်းလည်းမရှိပါဘူး။ ဥပမာ - ပဒေသရာဇ်ခေတ်တလျှောက် မြန်မာက အင်အားသာတဲ့ အချိန်မှာ မွန်နိုင်ငံဟာ မြန်မာနိုင်ငံလက်အောက်မှာရောက်နေပြီး မွန်အင်အားသာတဲ့ အခါမှာ မြန်မာနိုင်ငံဟာ မွန်နိုင်ငံလက်အောက်မှာ ရောက်နေခြင်း သဘောဖြစ်ပါတယ်။
■ ကနဦး လူမျိုးနဲ့တိုင်းပြည် အမည်
မြန်မာစကား အရေး/အပြော နှစ်ခုစလုံးမှာ မြန်မာလူမျိုးကို ခေါ်တဲ့ အခေါ်အဝေါ်ဟာ ‘မြန်မာ’ နဲ့ ‘ဗမာ’ ဆိုပြီး နှစ်မျိုးစလုံးရော ရောနေပါတယ်။ ယေဘုယျသဘောအရ ‘မြန်မာ’ ကို အရေးမှာသုံးလေ့ရှိပြီး အပြောမှာတော့ ‘ဗမာ’ လို့သုံးကြတယ်။ ဒါဟာ အခြားသော အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ဘာသာစကားများမှာလည်းတွေ့နိုင်တဲ့ အရေးနဲ့အဖတ် အဓိပ္ပာယ်တူ စကားလုံးတချို့ကို 'ရေးတော့အမှန်၊ ဖတ်တော့ အသံ’ ဆိုတဲ့ သဘောကွဲနေခြင်းပါ။ ခုအခေါ် မြန်မာ (ဗမာ) ဖြစ်လာမယ့် သူတွေဟာ လက်ရှိနိုင်ငံနယ်နိမိတ် အရှေ့ဘက်တောင်ပေါ်ဒေသမှ အလယ်ပိုင်း မြေပြန့်ကို ၉ ရာစုဝန်းကျင်မှာ ဝင်ခဲ့တယ်၊ ပုဂံမှာ အခြေပြုကြတယ်။ အသစ်ဝင်လာသူတွေကို မြေပြန့်မှာ ရှေးဦးရှိနေပြီးဖြစ်တဲ့ မွန်တွေက မရမာ/မိုင်းရ်မာ (Mirma/Mranma) လို့ခေါ်ခဲ့တယ်။ ဒီအချက်ကို လက်ရှိအချိန်အထိ ကျန်ရှိနေသေးတဲ့အထဲက ရှေးအကျဆုံး မွန်ဘာသာနဲ့ ရေးထားတဲ့ မွန်ကျောက်စာ (၁၁၀၂) မှာတွေ့နိုင်ပါတယ်။
ရှေးမြန်မာတွေ အလယ်ပိုင်းကို အခြေချနေထိုင်ပြီးနောက် ပျူ၊ မွန်တွေထံကတဆင့် အိန္ဒိယအက္ခရာကို အခြေခံတဲ့ စာပေကို မွေးစားယူ ရလာလို့ ကိုယ်တိုင်မှတ်တမ်းတွေ ရေးလာနိုင်ရာမှာလည်း လူမျိုးနာမည်ကို မွန်တွေခေါ်တဲ့နာမည်အတိုင်း မရမာ/မိုင်းရ်မာ (Mirma/Mranma) လို့ပဲ သုံးခဲ့ပါတယ်။ ဒါကိုလက်ရှိရှာဖွေတွေ့ရှိလို့ရတဲ့ အထဲက (နာမည်အခေါ်နဲ့သက်ဆိုင်တဲ့) ရှေးအကျဆုံး မြန်မာဘာသာနဲ့ ရေးထိုးထားတဲ့ မြန်မာကျောက်စာ (၁၁၉၀) မှာ တွေ့နိုင်ပါတယ်။ နောက်ပိုင်း မြန်မာဘာသာစကားမှာ ရကောက်သံ ‘ရ (Ra )’ သံ ထည့်ရွတ်တာ ပျောက်ကွယ်သွားတဲ့ အတွက် ‘မရမာ/မိုင်းရ်မာ (Mirma/Mranma)’ ကနေ ‘မြမ္မာ/မြန်မာ (Myanmar)’ ဆိုပြီး လက်ရှိသိတဲ့ လူမျိုးနာမည် “မြန်မာ” အဖြစ် ပြောင်းသွားခဲ့ပါတယ်။
ရှေးမြန်မာတွေဟာ ပျူ၊ မွန်၊ အိန္ဒိယတို့ဆီကနေ ယဉ်ကျေးမှု၊ စာပေ တင်သာမက ကိုးကွယ်ယုံကြည်မှု ဘာသာတရားပါ ရရှိခဲ့တဲ့အတွက် ကိုးကွယ်ယုံကြည်မှုနဲ့ ဆက်နွယ်တဲ့ ‘ဗြဟ္မာ’ က ဆင်းသက်တဲ့သဘော ‘ဗြဟ္မာ’ လူမျိုး၊ အဲဒီကတဆင့် ‘ဗမာ’ လူမျိုးဆိုပြီး လူမျိုး နာမည် အသစ် မူကွဲ တမျိုးအနေနဲ့လည်း ထပ်ပေါ်လာခဲ့ပါတယ်။ ဒီ ‘ဗမာ’ ဆိုတဲ့ လူမျိုးအခေါ်အသစ် ထပ်ပေါ်လာခြင်းက ဘာသာဗေဒ သဘော၊ အသံထွက် စနစ် ပြောင်းလဲပုံနဲ့ ဆက်စပ်ဟန်ရှိပါတယ်။ မည်သို့ဆိုစေ လောလောဆယ် တွေ့ရှိရတဲ့ သမိုင်း ကျောက်စာအထောက်အထား၊ သုတေသနများအရ ရှေးမြန်မာတွေ မြေပြန့်ကို စဝင်လာခဲ့တဲ့ သမိုင်းမှတ်တမ်းရှိချိန်ကတည်းက ‘မြန်မာ’ လို့သာ ခေါ်တဲ့အတွက် လူမျိုးနာမည် အနေနဲ့ ‘မြန်မာ’ က မူလ၊ ‘ဗမာ’ က ဆင့်ပွားဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။
ရှေးမြန်မာတွေ မြေပြန့်ကို စဝင်လာတဲ့အချိန်မှာ နိုင်ငံမရှိသေးဘူးဆိုတာကိုလည်းထည့်စဉ်းစားရပါမယ်။ နောက်ပိုင်း အင်အားကြီးမားလာပြီး ပုဂံ ပဒေသရာဇ် စစ်လက်နက်နိုင်ငံတော် အင်ပါယာကို ချဲ့ထွင်ရင်းနဲ့ ပုဂံလက်နက်နိုင်ငံတော်ကြီး ပထမ မြန်မာနိုင်ငံတော် ပေါ်လာခဲ့ပါတယ်။ ကျန်ရှိနေသေးတဲ့ ကျောက်စာမှတ်တမ်းများမှာ နိုင်ငံကို ‘မြန်မာပြည်’ လို့ တိုက်ရိုက်တပ်ခေါ်တာကို နရပတိစည်သူ/ဒုတိယစည်သူ (၁၁၆၅-၁၂၁၁) ရဲ့ မြေး၊ ဇေယျသိင်္ခခေါ် နန်းတောင်းများမင်း (ထီးလိုမင်းလို မင်း) ရဲ့ သား၊ ကျစွာမင်း (၁၂၃၄-၁၂၅၀) လက်ထက်က မြန်မာဘာသာနဲ့ ရေးထိုးခဲ့တဲ့ ကျောက်စာ မှတ်တမ်း (တွဲလျက် ဓာတ်ပုံတွင် ရှု) မှာ အထင်အရှားတွေ့နိုင်တယ်။
0 comments:
Post a Comment
Note: Only a member of this blog may post a comment.