
"ဘဝ"ဆိုတဲ့ စကားလုံးလေးက ဘနဲ့ဝ ပေါင်းစည်း ဖြစ်တည် နေပေမဲ့ သံသရာဇာတ်ဆရာ အလိုကျ ဇာတ်ကွက်လှအောင် ကပြနေရတဲ့ ဖြစ်ခြင်း ပျက်ခြင်းတွေနဲ့ လှပအောင် ဖန်တီးပုံဖော် အသုံးတော် ခံနေတဲ့ မင်းသမီးလေး တစ်ပါးပေါ့။ ဖြစ်ချင်တာက ဆန္ဒ၊ ဖြစ်နေတာက ဘ၀၊ လောဘ ဒေါသ မောဟတွေ၊ အငိုမျက်လုံး အပြုံးမျက်နှာနဲ့ လှလှပပ သရုပ်ပြ နေကြရတာ၊ လောကမှာ ဘယ်သူမှ တစ်ဦး တစ်ယောက်တည်း ထီးထီး နေလို့ မရပါဘူး။ အများနဲ့ ပေါင်းစည်း ရှင်သန် ကြရတယ်။ အများနဲ့ ရှင်သန်ရတဲ့ ခရီးတစ်လျှောက် ကောင်းတာကို အတုယူ မကောင်းတာကို သင်ခန်းစာယူ ပြုပြင်ပြောင်းလဲ ဖို့က ကိုယ်တိုင်ပါဘဲ။
ကျွန်မ ရှင်သန်ခဲ့ရတဲ့ ဘ၀လေးရဲ့ အစက နာကျင်မှုလေး တွေကို အတုယူခဲ့လို့ သင်ခန်းစာလေး အဖြစ်မှတ်ယူပြီး ပြုပြင်ခဲ့ပြီး ကြိုးစားခဲ့ခြင်း ရလဒ်လေးတွေ ရှိခဲ့တယ်။ ကျွန်မ ဒုတိယတန်း နှစ်လေးကပေါ့။ ကျွန်မ အတန်းတင် စာမေးပွဲမှာ ပထမဆု ရခဲ့တယ်။ တကယ် အောင်းစာရင်း ထွက်လာတော့ ကျွန်မနာမည်လေး ဘေးမှာ ရေးထားတာ (ဒုတိယ)တဲ့။ အဲဒီ အကြောင်းလေးကို ရှင်းပြရရင်တော့
ကျွန်မရဲ့ အတန်းပိုင်ဆရာမကနေ စရမှာပေါ့။ ဆရာမက ကျွန်မနဲ့ သူ့တူမလေးရဲ့ ပညာရေးကို လူမှုရေးနဲ့ ရောယှက်လိုက်တာပါ။ စာအရမ်းတော်တဲ့ကျွန်မ ပထမရခဲ့ပေမဲ့ အဖေမရှိတဲ့ကျွန်မ အမေမုဆိုးမနဲ့ ဘ၀ကို ဖြတ်သန်းနေရတဲ့ ကျွန်မရဲ့ စိတ်အစဉ်ကို အနာတရ ဖြစ်အောင် လုပ်ပြစ်ခဲ့တယ်။ အမှတ်က ကျွန်မက သာနေပေမဲ့ ကျွန်မကို ဒုတိယ ပေးခဲ့တယ်။ လူအများရှေ့မှာ တူမလေးကို ပထမ ရစေချင်ခဲ့တဲ့ ဆရာမ၊ စည်းဆိုတဲ့ အရာကို မေ့လျော့ခဲ့တာ ဖြစ်မှာပါ။ သူ့ရဲ့ လုပ်ရပ်ကို ဘယ်သူမှ မသိနိုင်ဘူးလို့ ထင်ခဲ့တာ ဖြစ်မှာပါ။ ဒါပေမဲ့ ကျွန်မကို အရမ်းချစ်တဲ့ ဆရာမ တစ်ယောက်က ဒါတွေကို သိနေတော့ အမေ့ကို ပြန်လာ ပြောပြခဲ့တယ်။ အမေက ကျွန်မလက်ကိုဆွဲင်္ပြီး ဆရာမကြီးဆီ သွားခဲ့ပါသေးတယ်။ အောင်စာရင်းက ထုတ်ပြီးသား ဖြစ်နေတာရယ်၊ ဆရာမရဲ့ ဂုဏ်ကို မထိခိုက် စေချင်တာရယ်ကြောင့် အမေနဲ့ကျွန်မ ဆရာမကြီးကိုဘဲ ရင်ဖွင့်ပြီး ပြန်ခဲ့ပါတယ်။
အဲဒီအချိန် ကတည်းက အမေနဲ့ ကျွန်မ ရင်ထဲမှာတော့ အပြစ်မမြင်ခဲ့ပေမဲ့ ဘယ်တော့မှ မမေ့နိုင်ခဲ့ပါဘူး။ အဲဒီ အကြောင်းလေးကို အမေဒီနေ့ထိ ပြန်ပြောနေတုန်းပါဘဲ။ အပြစ်မမြင် တတ်တဲ့ကျွန်မ အဲဒါလေးကို ဘ၀ရဲ့ သင်ခန်းစာအဖြစ် ပြောင်းလဲခဲ့တယ်။ လူတစ်ယောက်ဟာ ကိုယ့်လိုအပ်ချက်အတွက် လုပ်လိုက်တယ်ဆိုပေမဲ့ ခံရတဲ့သူအတွက် တစ်ဘဝလုံးစာ နာကျင်သွားနိုင်တယ်ဆိုတာ အမှားလုပ်ပြီးမှ ပြန်တောင်းပန်တာထက် မမှားခင်တတ်နိုင်သမျှ ဆင်ခြင်နိုင်ရမယ်လို့ လက်ခံလိုက်တယ်။ ကျွန်မ အဲလိုမမှားအောင် လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။
ကျွန်မ ၆တန်းရောက်တဲ့အထိ အင်္ဂလိပ်စာ အရမ်းတော်ခဲ့တယ်။ ကျွန်မ စာကျက်ရတာ ပျင်းတယ်။ သင်တာနဲ့ တခါတည်း ရအောင်လုပ်တယ်။ အိမ်ပြန် စာမကျက်တတ်တဲ့ ကျွန်မ ၇-တန်း ရောက်တော့ ကျောင်းအုပ်ဆရာကြီး တစ်ယောက်နဲ့ ဆုံခဲ့ရတယ်။ အင်္ဂလိပ်စာ သင်ပေးတယ်။ ဆရာက အရမ်းတော်တယ်။ နိုင်ငံခြားပြန်တဲ့။ ဒါပေမဲ့ ကျွန်မတို့ နားလည်အောင် မရှင်းပြနိုင်ခဲ့ဘူး။ ကျွန်မတို့ တစ်တန်းလုံး နေ့တိုင်း အရိုက်ခံကြရတယ်။ အတန်းထဲ ရောက်တာနဲ့ လိုက်ကူးခိုင်းတယ်။ ပြီးရင် ကျက်ခိုင်းတယ်။ နားမလည်ဘဲ ကျက်တယ်ဆိုတော့ ဘာမှ အရာမထင်ခဲ့ဘူး တစ်တန်းလုံး အင်္ဂလိပ်စာဆို လတိုင်း ရှုံးကြတယ်။ စာကျက်ရ ပျင်းတဲ့ ကျွန်မကတော့ အမှတ် ၄၀ ကနေ မတက်တော့ဘူး။ အဲလိုနဲ့ဘဲ အောင်အောင် လုပ်ခဲ့ကြရတယ်။ ကျွန်မ အသိတစ်ခု ရလိုက်တယ်။ ကိုယ်တိုင် ဘယ်လောက်ပဲ နိုင်ငံကျော်အောင် တတ်တတ် ကမ္ဘာကျော်အောင် တော်တော် သူများအတွက် အသုံးဝင်အောင် မလုပ်ပေးနိုင် အကျိုးမပြုနိုင်ခဲ့ရင် အဲဒ်ီပညာတွေက ရေမှာ အရုပ်ရေးသလို အရာမထင်နိုင်ဘူးလို့။
ကျွန်မ ၇-တန်းမှာပဲ ဆရာမ မလာခင်လေး အတန်းရှေ့မှာ ခိုးပြီး ကစားကြတယ်။ ဆရာမ လာရိုက်တာ ခြေသလုံးတွေမှာ အရွတ်တွေ ထင်လို့။ အိမ်ပြန်တော့ အမေက ဘာဖြစ်လဲ မေးတယ်။ ခိုးကစားလို့ပါ ဆိုပြီးပြန်ဖြေခဲ့တော့ အမေက "လုပ်ရဲရင် ခံရဲရမယ်"တဲ့။ အမှားကို ကိုယ်တိုင်လုပ်ရင် ကိုယ်တိုင် ခံရမယ် ဆိုတာ ရင်ထဲ ထညိ့်ထားလိုက်တယ်။
ကျွန်မ ဆယ်တန်းရောက်တော့ ကျူရှင်တက်ခဲ့တယ်။ သင်္ချာဆရာက စကားပြောတာ တည်ကြည်တယ်။ ဆယ်တန်းကလေးတွေ ဆိုတော့ စိတ်ထဲရှိရာ ဝေဖန်တတ်နေပြီလေ။ ဆရာ့ရှေ့မှာ ဟိုဆရာဝန်က ဘယ်လို ပိုက်ဆံယူတာ များတယ်၊ ဘယ်မြို့နယ်မှူးက လာဘ်စားတယ်၊ အဲလိုလေးတွေ ဝေဖန်တာ ဆရာက ကြားတော့ "နင်တို့တွေ သူတို့ယူတာကို အပြစ်မပြောနဲ့လေ၊ သူ့လို ဖြစ်ချင်ရင် သူ့လိုဖြစ်အောင် လုပ်ပါ၊ သူကိုယ်တိုင်လည်း အဲလိုဘ၀ ရောက်လာအောင် ဘယ်လောက် ကြိုးစားခဲ့ရမလဲ ဆိုတာ ထည့်စဉ်းစားပေး"တဲ့လေ။ ကျွန်မ ဘာမှပြောလို့ မရအောင် ဆရာ့စကားကို မှင်သက်မိ နေခဲ့တယ်။ လူတစ်ယောက်ကို အပြစ်တင်ချင်ရင် သူ့နေရာကနေ အရင် ၀င်ခံစား တွေးပေးသင့်တယ် ဆိုတာလေးကို တွေးမိတယ်။
ကျွန်မ ဆယ်တန်းအောင်တော့ မူလတန်းပြ ဆရာမလေး လုပ်ခဲ့တယ်။ ကျွန်မ ဆရာမ စလုပ်တာနဲ့ ကလေးတွေနဲ့ ဆက်ဆံတာနဲ့ ကျွန်မ အရာအားလုံး အသစ် ပြန်ဖြစ်လာသလို ခံစားခဲ့ရတယ်။ အတိက်က နာကျင်ခဲ့တာတွေကို သင်ခန်းစာယူပြီး ကျွန်မ အကောင်းဆုံး ဖြစ်အောင် ကြိုးစားခဲ့တယ်။ ကျွန်မ ခံစားရသလို ကလေးတွေ မခံစားရအောင် ကျွန်မ အတတ်နိုင်ဆုံး လုပ်ဆောင်ခဲ့တယ်။ မှန်ကန်အောင် စနစ်တကျ ဘက်မလိုက်ဘဲ နားလည်အောင် နည်းမျိုးစုံနဲ့ သင်ခန်းစာတွေကို ကျွန်မ ရှိသမျှ ဥာဏ်တွေနဲ့ တွေးတော ကြံဆပြီး သင်ပေးခဲ့တယ်။ ကျွန်မ နာကျင်ခဲ့ရတဲ့ ခံစားမှုတွေက ကျွန်မရဲ့ ဆရာမဘ၀လေးအတွက် အကောင်းဆုံး နည်းလမ်း တစ်ခု ဖြစ်ခဲ့တယ်။ ကျွန်မကို မိဘတိုင်းက ကလေးတိုင်းက စာအသင်ပြ ကောင်းတဲ့ ဆရာမ၊ ဘက်မလိုက်တတ်တဲ့ ဆရာမ၊ ကလေးတွေကို ကြင်နာတတ်တဲ့ ဆရာမအဖြစ် လက်ခံကြတယ်။ ကျွန်မ အရမ်း ပျော်ခဲ့တယ်။ အဲဒါတွေ ဘာကြာင့် ဖြစ်လာခဲ့ရ တာလဲဆိုရင် ကျွန်မကို ဘက်လိုက်နှိမ့်ချခဲ့တဲ့ ဆရာမကို အပြစ်မယူဘဲ ကျွန်မ သင်ခန်းစာ ယူနိုင်ခဲ့လို့ပဲ။ ဒါကြောင့် လူလောကထဲ ကျင်လည်နေကြရတဲ့ သူတွေဟာ အကောင်းအဆိုးကို ဒွန်တွဲ စံစား ခံစားကြရမှာပဲ။
လူတွေနဲ့ ပေါင်းသင်းတဲ့ ဧရိယာ ကျယ်ဝန်းလေ အသိတိုးလေ တွေးတောကြံဆမှု ပိုကောင်းလေ ဖြစ်တယ်။ တစ်ပါးသူဆီကနေ ကောင်းတဲ့ အကျင့်လေးတွေ ယူင်္ပြီး မကောင်းတာ လေးတွေကို ဘဝသင်ခန်းစာ အဖြစ် ပြောင်းလဲ လက်ခံ သင့်တယ်။ လုတစ်ယောက်ရဲ့ အောင်မြင်မှု တစ်ပိုင်း တစ်စက သူတစ်ပါးရဲ့ အကျိုးကြောင့် ဖြစ်တယ်။ စာအုပ်ထဲက အသိတွေက တန်ဖိုးရှိတယ် ဆိုပေမဲ့ လူ့ပတ်ဝန်းကျင်နဲ့ ကိုယ်တိုင် ဆက်ဆံပြီး ရလာတဲ့ အတွေ့ကြုံတွေက အသိဥာဏ် ပိုတိုးစေတယ်။ လူတစ်ယောက်ဟာ ဘယ်လောက်ပဲ အသိဥာဏ် ကြွယ်ဝနေပါစေ၊ ဘယ်လောက်ပဲ အောင်မြင်နေပါစေ၊ တစ်ခြားလူအပေါ် ကိုယ်ချင်းစာ တရားမထားဘူး အခက်ခဲကို မကူည်ီဘူး၊ လျစ်လျူရှုမယ်ဆိုရင် ဘ၀မှာ အဓိပ္ပာယ်မဲ့ စေလိမ့်မယ်။
ဘ၀ကို လှပအောင် ကိုယ်တိုင် ဖန်ဆင်း ယူသင့်တယ်။ တိမ်ညိုတွေ မရှိခဲ့ရင် မိုးသက်လေပြင်း မကျခဲ့ရင် လှပတဲ့ သက်တန့်ဆိုတာ ရှိလာမှာ မဟုတ်ဘူး။ မိမိရဲ့ စိတ်ကို ပြောင်းလဲနိုင်တာ မိမိ ကိုယ်တိုင်ပဲ ဖြစ်တယ်။ လူ့ဘ၀ လမ်းခရီး တစ်လျှောက်မှာ အတားအဆီးတွေ ရင်ဆိုင် ကျော်ဖြတ်ပြီးမှ ကိုယ်လိုရာ ပန်းတိုင် ရောက်ကြရတယ်။ ရှေ့ဆက် အောင်မြင်ဖို့ တစ်ခါတစ်လေ ငါဆိုတဲ့ အတ္တအစွဲတွေကို ဥာဏ်နဲ့ ဖယ်ရှား ပြစ်ခဲ့ရတယ်။ ငါ တကယ်လိုနေတာ ဘာလဲ ငါဘာလုပ်သင့်သလဲ ပြန်ဆန်းစစ် တတ်ရမယ်။ ပတ်ဝန်းကျင်ကို ပြောင်းလဲလို့ မရခဲ့ရင် ကိုယ့်ကိုယ်ကို ပြောင်းလဲ သင့်တယ်။ တခြားလူ နာကျင်မှ ရလာမဲ့ ပျော်ရွှင်မှုမျိုးကို မပိုင်ဆိုင် ချင်ပါနဲ့။ ကိုယ်ရဲ့ ဖြူစင်တဲ့ အတွေး အပြုအမူ စိတ်နေ သဘောထားနဲ့ ကိုယ်တိုင် ပျော်ရွှင်မှုကို လုပ်ယူပါ။
မိမိကိုယ်ကို ယုံကြည်မှုနဲ့ ရှေ့ဆက်မယ် ဆိုရင် ဘဝက နေပျော်စရာပါ။ လူ့ဘ၀ဟာ အခက်ခဲ တစ်ချို့နဲ့ ရင်ဆိုင်ရမှ လှပ အရောင်စုံတဲ့ ဘ၀ကို ပိုခံစား တတ်လာတယ်။ နေ့ရက် တစ်ရက် အချိန် တစ်ချိန် တစ်စက္ကန့်တိုင်းဟာ အရမ်း အရေးကြီးတယ်။ ကိုယ့်ရဲ့ နောက်ဆုံး အချိန်ဆိုတာ ဘယ်အချိန်မှန်း မသိနိုင်လို့ပဲ။ လက်ရှိ ဖြစ်တည်နေတဲ့ ဘ၀လေးမှာ အကောင်းဆုံး လုပ်ဆောင်ပြီး အပျော်ဆုံး လူသားတစ်ယောက် ဖြစ်အောင်ပဲ လုပ်ယူသင့်တယ်။ လောကဓံရဲ့ အလှအပ အဆိုးအကောင်း အဖြစ်အပျက်တွေကို အကောင်းမြင်တတ် လက်ခံတတ်ကြပါစေ။
0 comments:
Post a Comment
Note: Only a member of this blog may post a comment.