Breaking News
Loading...
2014-01-04

Info Post



ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် ရဲစခန်းတွင် ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၁ နာရီ မိနစ် ၃၀ ခန့်က စားသောက်ဆိုင် တစ်ခု၏ အရက်ဘား တာဝန်ခံ အသက် ၂၉နှစ် အရွယ် ကိုရဲနိုင်က အရက်မူးလာကာ လသာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်သိန်း၏ ပခုံးရှိ ရာထူးတံဆိပ်ကို ကိုင်ကာ ခြိမ်းခြောက် ပြောဆိုခဲ့သဖြင့် ၎င်းကို အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

အဆိုပါ အမျိုးသားမှာ အရက်မူး၍ လသာမြို့မ ရဲစခန်းရှေ့သို့ ရောက်ရှိလာပြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များကို ဆဲဆိုခဲ့ကြောင်း၊ ယင်းနောက် လသာမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူး တင်သိန်း၏ ပခုံးရှိရာထူး တံဆိပ်ကိုကိုင်၍ ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လသာ မြို့မရဲစခန်းသို့ The Voice မှ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ရဲစခန်းမှ ပြန်လည် ဖြေကြားခြင်း မရှိပေ။

အဆိုပါ အမှုဖွင့်ခံရသူ ကိုရဲနိုင်မှာ ယခင် ဆာကူရာတာဝါရှိ SKY BISTRO ဆိုင်တွင် ဘားတာဝန်ခံအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး ဒီဇင်ဘာလ ၃၁ရက်နေ့က အလုပ်မှ ထွက်သွားကြောင်း၊ ယခု ဖြစ်ပွားခဲ့သော အမှုနှင့် ပတ်သက်၍ အဆိုပါဆိုင်နှင့် မသက်ဆိုင်ကြောင်း ဆာကူရာ တာဝါရှိ SKY BISTRO စားသောက်ဆိုင်မှ မန်နေဂျာက The Voice သို့ ပြောကြားသည်။

လသာမြို့နယ် ရဲတပ်ဖွဲ့မှူး၏ ရာထူး တံဆိပ်ကိုင်ကာ ခြိမ်းခြောက်ခဲ့သူကို (ပ)၂/၁၄ ပြစ်မှု ပုဒ်မ- ၂၉၄/၅၀၆/၃၅၃ တို့ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ ထုတ်ပြန်ချက်အရ သိရှိရသည်။

0 comments:

Post a Comment

Note: Only a member of this blog may post a comment.